ဈေးကွက်ဈေးနှုန်း

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Last Updated:

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လွှတ်လပ်ရေးကျောက်တိုင်ကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ-၂၀၁၉ ကုန်စည်ပြပွဲနှင့်အတူ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းမှာ ရှမ်းပြည်နယ်အတွင်းရှိလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များထံသို့ ကုန်သွယ်မှုအသိပညာ ဗဟုသုတများရရှိစေရန်နှင့် လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်မှုများရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးမျိုးမင်း (ကျောင်းအုပ်ကြီး) PS Business School မှ ဈေးကွက်၌ Madef In Myanmar ကုန်အမှတ်တံဆိပ်တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့် ကုန်အမှတ်တံဆိပ်ခိုင်မာမှုနှင့် ရေရှည်တည်တံ့နိုင်ရန်အတွက် လိုအပ်မှုများအကြောင်း အသိပညာပေးဆွေးနွေးခြင်း၊ ဒေါ်ယဉ်ဝင်းသူ (MD) M.N.T.Co.,Ltd မှ ဈေးကွက်သစ်ရှာဖွေတွေ့ရှိနိုင်ရန် လိုအပ်သည်များ ပြင်ဆင်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း ၎င်းတို့ ကုမ္ပဏီမှ တန်ဖိုးမြှင့်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး ဈေးကွက်အသစ်များ ရှာဖွေ၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းခြင်း၊ ဒေါ်ရီရီမြင့် Shwin Chang Long Mfg (Mother's Love) မှ ကုမ္ပဏီ၏ အောင်မြင်မှုသမိုင်းကြောင်း ခေါင်းစဉ်ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန်းယန်းဒေသတွင် လက်ဖက်ပင်များကို ခေတ်မှီ နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုနှင့် ၎င်းတို့ ကုမ္ပဏီမှ ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများတွင် ဈေးကွက် ရရှိမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲသို့ ပြည်နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။